honesty is the best policy

without honesty there is no brave
ရိုးသားမှုမရှိရင် ရဲရင့်မှုမရှိဘူး
Whithout honesty there is no freedom
ရိုးသားမှုမရှိရင် လွတ်လပ်မှုမရှိတော့ဘူး
Without honesty there is no real
ရိုးသားမှုမရှိရင် အစစ်အမှန်မရှိနိင်ဘူး
Without honesty nothing is....
ရိုးသားမှုမရှိရင် ဘာမှမရှိတော့ဘူး..

Thursday, September 22, 2011

လူနှင့် ဘာသာရေး






လူတိုင်းလူတိုင်းမှာ၊ကိုးကွယ်စရာ၊ ဆည်းကပ်စရာ ဘာသာတရားတစ်ခုခုတော့ရှိစမြဲပင်ဖြစ်သည်။
့ငါတို့ဘာမှမကိုးကွယ်ကြဘူးဟု ပြောလေ့ရှိသောဘာသာမဲ့ များလည်းရှိကြပေသည်။
သူတို့ကတော့ချွင်းချက်ပေါ့။

 

ကျွန်တော်ပြောချင်တာကဘာသာတစ်ခုခုကိုကိုးကွယ်သည့်လူတိုင်း(သို့)တစ်ဦးတစ်ယောက်ကိုရည်ညွှန်း၍ဆိုလိုခြင်းဖြစ်သည်။

မိမိစီးသည်းမြင်းအထီးမှန်းအမမှန်းသိမသိကအရေးမကြီးပါ။
မိမိကိုးကွယ်သည့်ဘာသာကိုအဘယ်ကြောင့်ကိုးကွယ်ရသည်ဟူ
သောရည်ရွယ်ချက်ကိုတော့သိသင့်လှပေသည်။
 
အဘယ့်ကြောင့်နည်း???။

 

ကျောက်ခေတ်၊ကြေးခေတ်မှစ၍ယနေ့ထက်ထိတိုင်အောင်
ယဉ်ကျေးမှုတိုးတက်ထွန်းကားလာခြင်း၏အခြေခံအုတ်မြစ်မှာသရဏဟုခေါ်သော
ကိုးကွယ်ဆည်းကပ်သောအလေ့အထ၊တစ်နည်းအားဖြင့်ဘာသာရေးပင်ဖြစ်သည်။
 

ယခင်ကလူတို့၏စိတ်မှာတိရစ္ဆာန်များနှင့်မခြားကြီး၊နိုင်၊ငယ်၊ညှင်း

ရက်စက်ကြမ်းကြုတ်သောစိတ်မျိုးဖြစ်ခဲ့ကြ၊ရှိခဲ့ကြသည်။
ဘာသာတရား၏ဆုံးမပဲ့ပြင်မှုကြောင့်သာဤမျှယဉ်ကျေးလာရခြင်းဖြစ်သည်။
 
ဘာသာတရားနှင့်လူ၊လူနှင့်ဘာသာတရားခွဲခြား၍မရနိုင်။
ခွဲခြားလိုက်ပါကလည်းလူသည်အရိုင်းသက်သက်ဘဝသို့ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
 
ထို့အပြင်မိမိကိုးကွယ်သည့်ဘာသာကို
အဘယ်ကြောင့်ကိုးကွယ်ရကြောင်း ကိုးကွယ်သည့်ရည်ရွယ်ချက်ကိုလည်းတိတိကျကျုသိသင့်လှပေသည်။
 
တစ်ချို့မှာမိရိုးဖလာဖြစ်သောကြောင့်သာကိုးကွယ်လိုက်သည်။ရည်ရွယ်ချက်ဘာရယ်လို့မရှိပေ။
တစ်ချို့များကျတော့ဝါသနာပါလို့၊လေ့လာဖို့ဆိုပြီးကိုးကွယ်တတ်ကြသည်။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေထဲမှာတောင်တစ်ချို့ရှိသေးတယ်။
ဗုဒဘာသာဆိုတာအလှုအတန်းလုပ်ရတယ်ဆိုလို့အလှုတွေဘာတွေလုပ်ပါလေရဲ့။
လုပ်နေကျအစဉ်အလာမို့သာလုပ်တာစိတ်ထဲဘာရယ်လို့ရှိတာမဟုတ်ဘူး။
 
ဘာကိုမှလည်းရည်ရွယ်တာမရှိဘူးမျက်ကန်းလမ်းလျှောက်သလိုပဲ။
ခြေဦးဒူးတည့်လျှောက်သွားနေလို့ကတော့လျှောက်တာပဲရှိမယ်ဘယ်မှရောက်တယ်လို့မည်မှာမဟုတ်ဘူး။
ဒါကြောင့်မိမိတို့ကိုးကွယ်တဲ့ဘာသာအယူဝါဒတွေကိုဘာကြောင့်
ကိုးကွယ်သလဲဆိုတာကိုယ့်ကိုယ်ကိုပြန်မေးသင့်ပါတယ်။စီစစ်သင့်ပါတယ်။
ဘာကြောင့်ဆိုတဲ့ရည်ရွယ်ချက်ပေါ်မှသာအဲဒီရည်ရွယ်ချက်ကိုဘယ်လိုဖြည့်ဆည်းမလဲ၊
ဘယ်လိုကျင့်ကြံအားထုတ်မလဲဆိုတာကိုယ်တိုင်ဝေဖန်စီစစ်နိုင်မှာပါ။
 

ဥပမာဆိုကြစို့ရဲ့....

ကိုယ်ကရန်ကုန်မှာနေတယ်။သွားချင်တာမော်လမြိုင်။
အဲ-ကိုယ်သွားမယ့်ရည်ရွယ်ချက်ပန်းတိုင် မော်လမြိုင်ဆိုတာကြီး သိနေပြီပဲ။
ဘယ်ပုံဘယ်နည်းသွားမလဲကိုယ့်ဘာသာကိုယ်ဆုံးဖြတ်တော့ပေါ့။
ပုံမှန်အတိုင်းသွားချင်တဲ့လူကကားစီးမယ်၊ရထားစီးမယ်၊ရေလမ်းခရီးကြိုက်ရင်သင်္ဘောစီးမယ်။
အခ်ျိန်မရဘူးကွာမြန်မြန်ရောက်ချင်တယ်ဆိုရင်လည်းလေယာဉ်စီးပြီးသွားလို့ရတယ်နော်....
ဒါကဥပမာလေးပေးတာပါ...
 
ကိုယ့်မှာရည်ရွယ်ချက်ဆိုတာရှိနေမှတော့ဘယ်လိုလုပ်ရမလဲကိုယ့်ဘာသာကိုယ်ရွေးချယ်ကြပေါ့။

ကိုယ်ဟာဘာကြောင့်ဒီဘာသာကိုကိုးကွယ်ရသလဲဆိုတာကိုသေသေချာချာသိရပြီဆိုရင်ဖြင့်

ကိုယ်ကိုးကွယ်တဲ့ဘာသာဟာကိုယ်ကိုးကွယ်ရတဲ့ရည်ရွယ်ချက်နဲ့ကိုက်မကိုက်ကိုသေသေချာချာဝေဖန်စီစစ်သင့်ပါတယ်။

ကိုယ်ကိုးကွယ်တဲ့ဘာသာဟာဘယ်လိုဘာသာမိျိုးဖြစ်တယ်။
 
ဘယ်လိုအကျင့်မျိုးကျင့်ကြံတယ်။င်္ဒီဘာသာရဲ့ခရီးဆုံးပန်းတိုင်ဟာဘာဖြစ်တယ်ဆိုတာကို
သေသေချာချာမဟုတ်တောင်သာမာန်ထက်ပိုပြီးသိသင့်ပါတယ်။ဒါကိုသိမှသာကိုယ်လိုချင်တဲ့ပန်းတိုင်နဲ့
အဲဒီဘာသာတရားလမ်းညွှန်တဲ့ပန်းတိုင်ကိုက်မကိုက်စီစစ်နိုင်မှာပါ။
အဲဒီလိုဝေဖန်ရင်းမိမိဘာသာစကားကိုနှိုက်နှိုက်ချွတ်ချွတ်လေ့လာဆည်းပူးမိတဲ့အခါ(ဒါမှမဟုတ်)
လိုက်နာကျင်ကြံမိတဲ့အခါမှာမိမိကိုးကွယ်တဲ့ဘာသာအကြောင်းယခင်ကထက်ပိုမိုသိရှိလာမှာဖြစ်သလို
မင်းကိုးကွယ်တဲ့ဘာသာအကြောင်းပြောပြပါလားဆိုရင်
နှုတ်ပိတ်နေရတဲ့ဘဝကနေမိမိကိုးကွယ်တဲ့ဘာသာအကြောင်းရဲရဲဝံ့ဝံ့ရှင်းပြနိုင်တဲ့ဘဝကိုလည်းရရှိမှာဖြစ်ပါတယ်။
 

ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘာသာတရားကိုကိုင်းရှိုင်းသူအားလုံးလိုလိုဟာ

သာမာန်လူအများထက်တော့ပိုပိုပြီးအကျိုးခံစားရတာကိုအထင်အရှားတွေ့နိုင်ပါတယ်။
ဒါဟာဘာသာတရားရဲ့အဆုံးအမအောက်မှာနေခြင်းရဲ့အကျိုးတရားဖြစ်ပါတယ်။
ထို့အပြင် မိမိဘာသာတစ်ခုတည်းသာမက
အခြားခြားသောဘာသာများ၏အကြောင်းကိုလည်းလက်လှမ်းမှီသလောက်
လေ့လာကြရန်လည်းလိုအပ်လှပါသည် ။ထိုအခါမှသာ နှိုင်းယှဉ်လေ့လာပြီး
အကောင်းအဆိုးခွဲခြားနိုင်ပြီး ။ ဘာသာရေးအမြင်ကျဉ်းမြောင်းက တစ်ယူသန်
၊အငြင်းသန်သူဘဝမှလွတ်မြောက်နိုင်မည်ဖြစ်သည် ။

မည်သည့်ဘာသာဝင်မဆို
မိမိကိုးကွယ်သည့်ဘာသာကို သေသေချာချာလေ့လာသုံးသပ်ပြီး၊
ကျင့်ကြံအားထုတ်ကာ... မိမိဘဝ၏ သာယာချမ်းမြေ့များရှာဖွေကြရန်
တိုက်တွန်းအပ်ပါသည် ။

Wednesday, December 22, 2010

အကျိုး နှင့် အကြောင်း


အမျိုးသားတို့ ကြိုးစားလို့ယူခဲ့ပေသည်
လွတ်လပ်ရေးအတွက်အထောက်အကူ
နောက်လူတွေအဆင်သင့်စေဖို့
သူတို့တွေရင်နင့်ခံခဲ့တယ်
ဗမာ့အမျိုး တိုးတက်စေဖို့တဲ့လေ ။
ငယ်ငယ်မြင်ခဲ့ဖူးတဲ့
အမျိုးသားနေ့ရဲ့ ဒေါင်းအလံ .....
အချိန်တွေပြောင်းလို့
အတိတ်ဟောင်းထဲ ကျန်ခဲ့လေသလား
တချိန်က စည်ကားခဲ့တဲ့နေ့
တချို့ မေ့တောင်နေခဲ့ပြီ ...
အလံတစ်ဝက်ပျံမတက်နိင်တော့ဘူး
ဘယ်သူ့မှာတာဝန်ရှိသလဲ ?

ငြမ်းမဖျက်တဲ့" ဘုရား"
"အလကား"ရယ်လို့ မဖြစ်စေဖို့
"အကျိုး "ပေါ်က "အကြောင်း "တို့မေးမှိန်ရသည်
အော်သင်္ခါရပါတကား ။
"ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား"
ထိုတစ်ခါ ညီညီညာ
ပြည်မြန်မာဆိုရွတ်ခဲ့လည်း
ယခုအခါ စာအုပ်ဟောင်းအဖြစ်
ဘော်ဒယ်ကုလားထံ ရစ်သမျှခံရသည်
တစ်ပိဿာတောင်မပြည့်ဘူးဆိုပဲ ...........
(nai)
11.11.09/WED
( အမျိုးသားနေ့အမှတ်တရ )

ထမင်းဂျိုးဟင်းဂျိုး (အခန်း ၁)


အခန်း ( တစ် )



"ငါလည်းပါမယ် "
နှုတ်ခမ်းဖျားမှ အားယူ၍ထွက်ခွာသွားသောစကားသံတစ်ခွန်း၏ မစို့မပို့အသံမည်သံလေးကြောင့်
ကစားနေသောကလေးများအားလုံး
ခေတ္တမျှရပ်တန့်သွားပြီးထိုစကားသံ၏ပိုင်ရှင်ဖြစ်သော
ကျွန်တော့်ကို ……………………………..
ဝိုင်းပြီး မကြည့် ကြပဲ ။သူ့နေရာနင့်သူ အသီးသီး မှ ရပ်ကြည့် လေသည် ။
ပြီးမှ အစီအစဉ်တကျ မဟုတ်သောစကားသံများဖြင့်

( ဟာ ...... ငါတို့မှာလူပြည့် နေပြီ

တစ်ယောက်က ပြူးပြီးပြောသည် ။ ( မျက်လုံးကို )

သူပါမယ်ဆို နင်တို့ဘက်ကိုခေါ်လိုက်လေ ငါတို့ဘက်တော့ မပါခိုင်းဘူး
သူက ကစားမှမကစားတတ်တာ သူပါရင် ပါတဲ့ဘက်က ရှုံးမှာပေါ့

ထိုကဲ့သို့ပြောသောတစ်ယောက်မှာ ပါးစပ်ဟလိုက်လျှင် မျက်စိသူ၏မျက်စိက ပျောက်ပျောက်သွားလေ၏
ထိုစဉ်က မျက်စိမပါသလောက် သေးတဲ့ သူကတောင် ကစားလို့ရသေးတာ ငါက ဘာလို့ မပါရတာလဲ ဟု မစဉ်းစားတတ်သေးပေ ။

ထိုသို့
ပြောချင်ရာပြောကြပြီး သူ့တို့ဘာသာဆက်ကစားကြသည် ။


တစ်ယောက်တည်းငေါင်တောင်တောင်ဖြစ်နေသောကျွန်တော်သည်
အိမ်ရှေ့ မြောင်းကူးတံတားလေးပေါ်တွင်ထိုင်ကာ
ရပ်ကွက်အသစ် ၊ လမ်းအသစ် လူအသစ်များ၏ ရသများကို ထိုင်ကြည့်နေလိုက်တော့သည် ။

.....................................................................

ကစားနေကြသောကလေးများထဲမှ အရွယ်အကြီးဆုံးတစ်ယောက်သည်
ကစားနေရင်း ကျွန်တော့လက်ထဲမှ ငါးမုန့်ကြော်ထုပ်ကို မကြာခဏလှမ်း၍
ကြည့်နေသည်ကိုသတိထားမိ၏ ။ ထို့ကြောင့် ကျွန်တော်သည် မုန့်ထုပ်ကိုလှမ်းမြှောက်ပြပြီး
စားမလားဟု လှမ်းမေးလိုက်သောအခါ သူသည် သုတ်ကနဲ အနားသို့ရောက်လာတော့သည် ။

ငါးမုန့်ကြော်သုံးချပ်လောက်ဝါးပြ်ီးသောအခါ သူက
အငတ်ဘာသာစကားဖြင့်

မင်းက အသစ်ပြောင်းလာတဲ့အိမ်ကလား
မင်းက ငါတို့နဲ့ ကစားချင်လို့လား
မင်းက ငါတို့တက်တဲ့ကျောင်းမှာပဲတက်မှာလား


ဟူ၍ လားပေါင်းများစွာကို ပလုတ်ပလောင်းဖြင့် လားလေတော့သည် ။

ထို.....
လား ပေါင်းများစွာကို ဖြေရှင်းအပြီးတွင် ကျွန်တော် အင်တာဗျူးအောင်သွားဟန်တူ၏ ။ ကျွန်တော်အတွက် အစည်းအဝေးကို ပေ၂ဝကျယ်သောလမ်းပေါ်တွင် အစည်းအဝေး ရပ် ကြလေသည် ။

အစည်းအဝေးဆုံးဖြတ်ချက်အရ ကျွန်တော်သည် ထမင်းဂျိုး ဟင်းဂျိုး အဖြစ်နှင့် အပေးအယူတည့်သွားကြလေသည် ။ အစည်းအဝေးအပြီး ကျွန်တော့ငါးမုန့် ထုပ်လည်းပြောင်သွားလေ၏ ။
ထမင်းဂျိုးဟင်းဂျိုးဆိုတာဘာလဲ ကျွန်တော်မသိပါ ကျွန်တော့်  အတွက် ကစားဖေါ်ရဖို့သာ အရေးကြီးလှပေသည်

ထိုနေ့မှစပြီး ကျွန်တော်သည် သူတို့ကစားသမျှပွဲတိုင်း ပါဝင်ခွင့်ရခဲ့လေတော့သည် ။
ဘယ်သို့ဘယ်ပုံစကားကြသည်တော့ မသိသေး ။ ဟိုဘက် မှဒီဘက်
ဒီဘက်မှဟိုဘက် မမောနိုင် မပန်းနိုင် ပြေးလွှားခဲ့ရသော အဲဒီနေ့သည်
ကျွန်တော့ အတွက်ပျော်စရာကောင်းသော နေ့ တစ်နေ့ ဖြစ်ခဲ့လေတော့သည် ။

သူတို့နှင့်အတူ
ဂျင်ခေတ် ၊ ဂေါ်လီခေတ် ၊ အရုပ်ခေတ် ၊ စွန်ခေတ် ...

အစရှိသော ကလေးများ၏ပြက္ခဒိန်များ ကို ပျော်ရွှင်စွာဖြတ်သန်းရင်း
ကျွန်တော် အခုသုံးတန်းကျောင်းသားတစ်ယောက်ဖြစ်ခဲ့ လေပြီ ။

ယခုချိန်ထိ ကျွန်တော် ကို ထမင်းဂျိုးဟု သူတို့ နောက်ပြောင်ခေါ်နေကြဆဲဖြစ်သည် ။

ငါတို့နဲ့ ကစားချင်ရင် မင်းလက်ထဲက မုန့် ကို နည်းနည်းကျွေး ဟု ...
ညာစားနေကြဆဲ ဖြစ်လေသည် ။

ဤသို့ ဖြင့် တစ်နေ့ ..........

ဟေ့ ...... ဟိုဘက်မှာချမယ် ။
ဟဲ့ ဟဲ့ ကွဲမယ်လေ ... ဟိုဘက်လှည့် .....ဖြေးဖြေး
မောင်ညွန့် ရေ ကူပါဦးဟ .....


ဆူဆူညံညံ အသံများကြောင့် ကျွန်တော် နိုးလာခဲ့တော့သည် ။
ခြေရင်းအိမ်ကို လူအသစ်များပြောင်းလာခြင်းဖြစ်သည် ။

လူအသစ်ဟုသာပြောလိုက်ရသည် လူတိုင်းတော့မသစ်ကြတော့ပါ ။ တစ်ချို့ သည် တော်တော်ဟောင်နွမ်းနေပြီဖြစ်သည် ။ ကျွန်တော့်မျက်စိထဲတွင်သစ်သောတစ်ယောက်သည် ။ ဆံပင်တိုတို နှင့် ဂါဝန်နီနီလေးဝတ်ထားသော ဂျပန်အရုပ်နှင့်တူသောတစ်ယောက်သာဖြစ်လေသည် ။

သူတို့ထဲမှတစ်ယောက်သည် ... အိမ်ပြောင်းရာတွင် ပရိဘောဂပစ္စည်းများသာမက ကျွန်တော့် ဘဝ ကို ပြောင်းလဲသွားစေသော ကံကြမ္မာကိုပါ သယ်ဆောင်လာခဲ့ကြောင်း ထိုစဉ်ကတည်းကသာ သိရှိခဲ့ ပါလျှင် .....................

..............................................................................................................................................................................
ဆက်ရန် ............
..............................................................................................................................................................................

အခန်းဆက်ဝတ္တု ............................ ရေးသားသူ - ( နိင် )
စတင်ရေးသားသည့် ရက် .....................11.11.2009 ။ WED

...........................................................................................................................................................................................

မေတ္တာရပ်ခံချက် - ကျွန်တော်၏ ၀တ္တုများ ၊ ကဗျာများ ၊ ဆောင်းပါးများသည် ။ ကိုယ်တိုင်အပင်ပန်းခံရေးသားထားသည်များဖြစ်သောကြောင့် အကယ်၍ ခံစားချက်တိုက်ဆိုင်၍ဖြစ်စေ ။ ကြိုက်နှစ်သက်၍ဖြစ်စေ ပြန်လည်ကူးယူဝေငှလိုပါက ။ မူရင်းရေးသားသူ ၏ အမည်နှင့် မိမိကူးယူဖေါ်ပြသည့် website လိပ်စာကို တွဲလျှက်ဖေါ်ပြပေးပါရန် ။ စာပေမူပိုင်ခွင့် ယူရန်ခက်ခဲသော အင်တာနက်ပေါ်တွင် ရေးသားရသော မူရင်းစာရေးသူများ ၊ ဘလော့ဂါများအားလုံးကိုယ်စား အနူးအညွှတ် မေတ္တာရပ်ခံလျှက် .......................

အသည်းရောင် အသားဝါ (ဘီ)ရောဂါ Hepatitis ( B ) Infection







အသည်းရောင် အသားဝါ ဘီရောဂါ ဟာ လတ်တလော ကမ္ဘာမှာ ကူးစက်မှု မြင့်မားနေဆဲ ရောဂါတစ် မျိုးဖြစ် ပါတယ်...
အမေရိက ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာ ၏ခန့်မှန်း ထုတ်ပြန်ချက် အရ
 ကမ္ဘာ တစ်ဝှမ်း လူဦးရေ သန်း ၃၅၀ ခန့် အသည်းရောင် ဘီရောဂါ ပိုးကူးစက် ခံနေရပြီး
 နှစ်စဉ် လူ ၆၂၀,၀၀၀ ခန့် သေဆုံး နေရကြောင်း ပြောဆို ထားပါတယ်...
 အမေရိက တွင် ၂၀၀၆ ခုနှစ် အတွင်း အသည်းရောင် ဘီကူးစက် ခံရသူ လူနာသစ် ၄၆,၀၀၀ ရှိပါတယ်...
 ယင်းသို့ လတ်တလော ကူးစက်ခံ ရသူများ ထဲတွင် အသက် ၂၅မှ ၄၄ နှစ် အတွင်း ကူးစက်ခံ ခြင်းမှာ (3.1 cases per 100,000 population) အမြင့်မား ဆုံးဖြစ် ပါတယ်..
 အသက် ၁၅နှစ် အောက် ကူးစက် ခံရမှု နှုန်းမှာ အနိမ့်ဆုံး ဖြစ်ပါတယ် (0.02 per 100,000)...
၎င်းအချက် အလက် များကို ကြည့်ခြင်းဖြင့် ရောဂါပိုး အဓိက ကူးစက်မှုမှာ လိင်ဆက် ဆံခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊
 ရောဂါပိုး ရှိသောသွေး ထိတွေ့ ၀င်ရောက်ခြင်း များကြောင့် ဖြစ်ကြောင်း သိသာ စေပါတယ်...
အသည်းရောင် ဘီ ကာကွယ် ဆေးကို ကလေးများ ပုံမှန် ထိုးနှံ ပေးခြင်း ကလည်း ငယ်ရွယ် သူများ ကူးစက် ခံရမှု လျော့နည်း စေပါတယ်...

အသည်းရောင် ဘီ ရောဂါပိုး ဟာ ဒီအန်အေ ဗိုင်းရပ်စ် (DNA Virus) အမျိုးအစား ဖြစ်ပါတယ်...
 အန်တီဂျင် (Antigen) နှစ်မျိုး ရှိပြီး ဗိုင်းရပ်စ် အတွင်းပိုင်း (Core )အင်တီဂျင် (HBcAg) နဲ့ ဗိုင်းရပ်စ် အပြင်ပိုင်း
(Surface) အင်တီဂျင် (HBsAg) တို့ ဖြစ်ပါတယ်.. အသည်းရောင် ဘီ ဗိုင်းရပ်စ် ပိုး ခန္ဓာကိုယ် တွင်းသို့ ကူးစက် ၀င်ရောက် လာပါက ခန္ဓကိုယ် ရောဂါ ခုခံမှု စနစ် (Immune System) မှ တန်ပြန် အင်တီ ဘော်ဒီ (Antibody) များထုတ်လုပ် ပါတယ်.. Antibody to HBsAg (Anti-HBs), Antibody to HBcAg (Anti-HBc) များဟာ ခန္ဓကိုယ် မှ ထွက်ရှိလာ တဲ့ အင်တီ ဘော်ဒီများ ဖြစ်ပါတယ်.. အဲဒီ အင်တီဂျင်၊ အင်တီ ဘော်ဒီ တွေကို သိထား ခြင်းဖြင့် ရောဂါပိုး စစ်ဆေး ရာမှာ၎င်း၊ ရောဂါပိုး ၀င်ရောက်မှု အခြေ အနေကို ၎င်း စမ်းသပ်ရာမှာ အသုံးဝင် ပါတယ်...

အသည်းရောင် ဘီရောဂါပိုး ဟာ လူ့ခန္ဓာ ကိုယ်ရဲ့ သွေး၊ သုတ်ရည်၊ ယောနိရည်၊ နို့ရည်၊ တံတွေး တို့မှာ တွေ့ရှိ ရပါတယ်.. ဒါ့ကြောင့် ရောဂါ ကူးစက် နိုင်တဲ့ နည်းလမ်းများ ကတော့ ရောဂါပိုး ရှိသူနှင့် လိင်တူ လိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုး ပါသော ဆေးထိုးအပ် ဆေးထိုးပြွန် ဆေးမင် ကြောင်ထိုး ဓါတ်အပ်စိုက် စသည်တို့ ပြုလုပ်ခြင်း၊ ရောဂါပိုး ပါသော သွေးသွင်း မိခြင်း၊ ကိုယ်ဝန် ဆောင် မိခင်မှ ကလေး သို့ကူး စက်ခြင်း၊ ရောဂါပိုး ပါသော သွေး (သို့) တံတွေး ထိထားသော သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓား သုံးစွဲခြင်း တို့ ဖြစ်ပါတယ်...



လတ်တလော အသည်းရောင် ဘီပိုးဝင် လက္ခဏာ များမှာ ရောဂါ ပိုးဝင်ရောက်ပြီး ၁လမှ ၄လ အတွင်း ဖြစ်ပေါ် လေ့ရှိ ပါတယ်... အသည်းရောင် ဘီပိုး ဟာ အသည်းကို တိုက်ရိုက် ထိခိုက် ရောင်ရမ်း စေတာ မဟုတ်ဘဲ ခန္ဓာကိုယ် ရောဂါ ခုခံမှု စနစ် (Immune system) က အသည်းရောင် ဘီပိုး ကို ခုခံ တိုက်ဖျက် ရာမှ မိမိ အသည်း ကိုပါ ထိခိုက် ရောင်ရမ်း ရခြင်း ဖြစ်ပါတယ်... ဒါ့ကြောင့် ခန္ဓာကိုယ် ခုခံမှု စနစ် အားကောင်း ပါက ရောဂါပိုး ကို ကင်းစင် အောင် ပိုမို တိုက်ထုတ် နိုင်ပြီး လတ်တလော အသည်းရောင် လက္ခဏာ ပိုမို ပြင်းထန် တတ်ပါတယ်... ခန္ဓာကိုယ် ခုခံမှု စနစ် လျော့နည်း ပါက လတ်တလော အသည်းရောင် လက္ခဏာ ခံစား ရမှု နည်းပြီး ရောဂါပိုး ကင်းစင် အောင် တိုက်ထုတ် နိုင်မှု နည်းပါး ပါတယ်... အဲဒါကြောင့် ကလေး သူငယ် အထူးသဖြင့် ၁နှစ် အောက် ကလေးများ ရောဂါ ကူးစက် ခံရပါက ၉၅% မှာ နာတာရှည် ပိုးသယ် ဆောင်ပြီး နာတာရှည် အသည်းရောင် ခြင်းပိုမို ဖြစ်ပွား စေပါတယ်.. လူကြီး များတွင် ၅% ကသာ နာတာရှည် ပိုးသယ်ဆောင် ပြီ်း ကျန် ၉၅% က လတ်တလော အသည်းရောင် ပြီး ပိုးကင်းစင် သွားတတ် ပါတယ်... လတ်တလော အသည်းရောင် ဘီ ပိုးဝင် လက္ခဏာ များမှာ

* တုပ်ကွေး ကဲ့သို့ ကိုက်ခဲ နာကျင် ဖျားနာခြင်း၊
* မျက်လုံးနဲ့ အသားများ ၀ါလာခြင်း၊
* နုံးခွေ အော့အန်ခြင်း၊
* အစာ စားချင်စိတ် မရှိခြင်း၊
* အသည်းရောင် ခြင်းကြောင့် ၀မ်းဗိုက် ညာဖက် အပေါ်ပိုင်း နာကျင်ခြင်း၊

တို့ ဖြစ်တတ် ပါတယ်...

နာတာရှည် အသည်းရောင် ဘီပိုး သယ်ဆောင်သူ များဟာ အများ အားဖြင့် ရောဂါ လက္ခဏာ မပြ ကြပဲ နှစ်ပေါင်း များစွာ ကြာတဲ့ အခါ အသည်းခြောက် ရောဂါ (Cirrhosis of Liver) နဲ့ အသည်း ကင်ဆာ ရောဂါ ဖြစ်ပွား စေတတ် ပါတယ်... နာတာရှည် ဘီပိုး သယ်ဆောင် သူများရဲ့ ၁၅ မှ ၂၀% ဟာ ၅နှစ်မှ ၂၀နှစ် အတွင်း အသည်းခြောက် ရောဂါ ဖြစ်ပွား တတ်ပါတယ်... အသည်းရောင် ဘီရောဂါ ပိုး နာတာရှည် သယ်ဆောင်သူ များ အနေ ဖြင့် အသည်းကို ထိခိုက် စေတဲ့ အပြု အမူ၊ အစား အသောက် ၊ ကိုယ်ခံအား ကျဆင်း စေတဲ့ ဆေးဝါးများ များကို ဂရုပြု ရှောင်ရှား ရပါမယ်.. အရက်၊ ဘီယာ၊ ထန်းရည်၊ ၀ိုင် စသည် တို့ကို လုံးဝ ရှောင်ရှား ရပါမယ်... ပန်းနာ၊ အဆစ် အမြစ် ကိုက် ရောဂါ တို့အတွက် သောက်သုံး သော ပရက်နီဆလုံး (Prednisolone)၊ အချို့ အရေပြား ရောဂါ များနဲ့ အဆစ်နာ အတွက် သုံးသော မက်သို ထရက်ဇိတ် (Methotrexate)၊ အချို့ ကင်ဆာ ရောဂါ များတွင် သုံးသော ဆိုက်ကလို ဖောစဖမိုက် (Cyclophosphamide) ဆေးများ သုံးစွဲ နေရ ပါက အသည်း ရောင်ခြင်း ကို ပိုမို ဆိုးရွား စေသဖြင့် ရပ်နား သင့်ပါတယ်...

ရောဂါ စစ်ဆေးမှု တွင် အဓိက အားဖြင့် HBsAg ကိုသာ နေရာ တကာ တွင်တွင် ကျယ်ကျယ် စစ်ဆေး နိုင်ပါတယ်... ရောဂါပိုး ၀င်ရောက်ပြီး ၄ ပတ် အကြာ တွင် စစ်ဆေး တွေ့ရှိ နိုင်ပြီး ရောဂါပိုး ကင်းစင် အောင် ခုခံအား ကောင်းသော သူများတွင် လတ်တလော အသည်းရောင် ပြီး ၄လ အကြာ တွင် ၎င်း HBsAg ပျောက်ကွယ် လေ့ရှိ ပါတယ်... နာတာ ရှည် ပိုးသယ် ဆောင်သူ များတွင် မူ နှစ်ပေါင်း များစွာ ဆက်လက် စစ်ဆေး တွေ့ရှိ နိုင်ပါတယ်... အသည်း ရောင်ဘီ ပိုးဝင် ရောက်၍ လတ်တလော အသည်းရောင် အသား ၀ါဖြစ်ပြီး ရောဂါပိုး ကင်းစင် သွားသူ များ အနေဖြင့် တစ်သက်တာ အသည်း ရောင်ဘီ ရောဂါပြီး သူ (Life-long Immunity) အဖြစ် နေထိုင် နိုင်ပါတယ်... အောက်ပါ ဇယား အရ စစ်ဆေး ကြည့်ရှု ခြင်း ဖြင့် ရောဂါ အခြေ အနေ ကို အနီး စပ်ဆုံး သိရှိ နိုင်ပါတယ်...






ရောဂါ ကုသမှု အနေဖြင့် လတ်တလော အသည်းရောင် ဖြစ်နေသူ များသည် သီးသန့် ကုသမှု မလိုအပ် ပဲ အနားယူခြင်း၊ အာဟာရ ပြည့်ဝ အောင် ပုံမှန် စားသောက် ခြင်းတို့ သာလိုအပ် ပါတယ်... နာတာရှည် ပိုးသယ် ဆောင်သူ များသည် လည်း အသည်းကို ထိခိုက် စေသော အပြု အမူ၊ အစား အစာ ရှောင်ရှားပြီး အာဟာရ ပြည့်ဝအောင် နေထိုင် စားသောက် သင့်ပါတယ်... အချို့ ပိုးအရေ အတွက် များနေသူ များအတွက် ပိုး အရေ အတွက် လျော့နည်း စေရန် ဆရာဝန် ညွှန်ကြား သည့် အတိုင်း ဆေးထိုး ဆေးစား ပြုလုပ် နိုင်ပါတယ်...


ရောဂါ ကာကွယ်ရေး အနေဖြင့် အသည်းရောင် ဘီပိုး ၀င်ရောက် ဖူးခြင်း မရှိ ပါက အသည်းရောင် ဘီ ကာကွယ် ဆေးကို ထိုးထား ခြင်းဖြင့် ကာကွယ် နိုင်ပါတယ်... မိမိ အိမ်သား တစ်ဦး တွင် ဘီပိုး ရှိနေ သူများ၊ ကျန်းမာရေး ၀န်ထမ်း များ၊ အသည်း ရောင် စီပိုး ရှိနေ သူများ တွင် နောက်ထပ် ဘီပိုး မ၀င် အောင် ကာကွယ် ရန်လို သူများ သည် အသည်းရောင် ဘီ ကာကွယ် ဆေးကို မဖြစ် မနေ ထိုးနှံ သင့်ပါတယ်... ကလေး များတွင် အသည်းရောင် ဘီ ပိုးဝင် ရောက်ပါက နာတာရှည် ပိုးသယ် ဆောင်သူ ဖြစ်နိုင်ခြေ အလွန် များ သဖြင့် ပုံမှန် ကာကွယ် ဆေးထိုး စီမံ ချက် အရ ထိုးပေး နေပြီ ဖြစ်ပါတယ်... အသည်းရောင် ဘီပိုး ရှိသူ မိခင် မှ မွေးဖွား သော ကလေး များကို မွေးပြီး ၁၂ နာရီ အတွင်း ပုံမှန် အသည်းရောင် ဘီ ကာကွယ် ဆေး အပြင် Hepatitis B Immune Globulin (HBIG) ကို ထိုးပေး သင့် ပါတယ်... ဒါ့ကြောင့် အသည်းရောင် ဘီ ရောဂါ ၀င်ရောက်ဖူး ခြင်းမရှိ သူများ သည် ကာကွယ်ဆေး ကို စနစ် တကျ ထိုးနှံ ၍ ကာကွယ် ထားသင့် ကြောင်း ရေးသား လိုက်ရ ပါတယ်... အားလုံး ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..


| Posted by Dr. Win Thein

References;
http://www.medicinenet.com/hepatitis_b/article.htm
http://en.wikipedia.org/wiki/Hepatitis_B

ဒီပိုစ်လေးက ဒေါက်တာ ကို ဝင်းသိန်းရဲ့ ( http://www.drwinthein.info/ ) က ဖြစ်ပါတယ် ။ အခုချိန်က ( ဘီပိုးတွေ ခေတ် ထနေလေတော့ ဗဟုသုတရအောင်ရည်ရွယ်ပြီး ပြန်လည်ဝေငှလိုက်တာပါ )

ခင်မင်စွာဖြင့် ( နိင် နိင် )

တက်ကျမ်း :)








ဇောက်ချလုပ်ကိုင်ပါ 

05lROS8eq.gif

လုပ်ငန်းတစ်ခုခုကို ဇောက်ချလုပ်ကိုင်ခြင်းဖြင့် မိမိ ဘဝ၏တိုးတက်လမ်းကို ရှာသင့်သည် ။
မိမိသည် မည်သည့်နေရာတွင့် ကျွမ်းကျင်သည်ဟု ပြောဆိုနိင်သူသည် သူလိုကိုယ်လို သာမာန်လူများထက် အခွင့် အရေးပိုသည်မှာ အထူးပြောရန်မလိုပေ ။ ထို့ကြောင့်  ဘဝ တိုးတက်စေရန် ပထမ အဆင့် တစ်ခုဖြစ်သော skillful person ဖြစ်လာစေရန်  တစ်နေရာတည်းစွဲမြဲစွာလုပ်ကိုင်းရင်း လုပ်ငန်းကျွမ်းကျင်မှုကို တည်ဆောက်ယူကြရန် အကြံပြုလိုက်ပါသည် ။

ကောင်းမွန်သောအလေ့  အကျင့်များကိုမွေးမြူပ

06WUU73Jt.gif

ကောင်းသောအလေ့ အကျင့်များကိုနေ့စဉ်ပြုသောသူသာ ကောင်းမွန်သောအနာဂတ်ဘ၀ကို ပိုင်ဆိုင်ရမည်မှာ ငြင်းရန်မလိုသောအချက်တစ်ချက်ဖြစ်သည် ။ ထို့ကြောင့်ကောင်းမွန်သောအလေ့  အကျင့်များကို နေ့  စဉ် ပုံမှန်ပြုလုပ်ပါရန်တိုက်တွန်းချင်ပါသည်။ ( အဟိ )



အချိန်၊နေရာနှင့် ခွန်အား

0dxnstBrz.gif
အောင်မြင်လိုသူတစ်ယောက်သည်  အချိန် အခါကိုသိရမည် ။ မည်သည့်  အချိန် မည်သည့်နေရတွင့် ခွန်အားကို မည်မျှစိုက်ထုတ်ရမည်ကို သိရန်လိုအပ်ပေသည် ။မည်သည့်  အလုပ် ကို ခွန်အားမည်မျှစိုက်ထုတ်ရမည်ကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် အကောင်းဆုံးလေ့လာသင်ယူနိင်ပေသည် ။

တွန်းကန်အား

001j0532fto.gif
တွန်းကန်အားသည်လည်း အောင်မြင်မှု၏ အရေးပါသောသော့ချက်တစ်ခုဖြစ်လေသည် ။တွန်းကန်အားဆိုသည်မှာ ဤအလုပ်ကို မည်သည်ကြောင့်လုပ်ရသည်ဟူသောအကြောင်းပြချက်ဖြစ်သည် ။ မည်သည့်အတွက်ကြောင့်လုပ်ရသည်ဟူသော အကြောင်းပြချက်(၀ါ) တွန်းကန်အားမှန်ကန်ပါလျှင် မည်သို့ လုပ်ရမည်ဟူသော အချက်မှာ အလွန်လွယ်ကူသော အချုက်တစ်ချက်ဖြစ်လာပေသည်။
(ဥပမာ) မိန်းမတစ်ယောက်.... အတန်းပညာ များများစားစားမရှိပဲ ယောက်ျားဖြစ်သူ၏ လုပ်ခလစာအပေါ်၌သာမှီခိုစားသောက်ရသည်။ ယောက်ျားဖြစ်သူရုတ်တရက် သေဆုံးသွားသောအခါ မလုပ်တတ်မကိုင်တတ်ဖြင့် ကျန်ခဲ့သည် ။ အခြားသော ဆွေမျိုးသားချင်းများမရှိပေ ။ နောက်ဆုံး ကိုယ်တိုင်အားထုတ်မှုမရှိလျှင်
ငတ်ပေတော့မည် ။ ထိုအခါ သူသည် ဈေးရောင်းဈေးဝယ်ဖြင့် အသက်မွေးရာမှ ယခုအခါ စတိုးဆိုင်ပိုင်ရှင်ဖြစ်နေပေပြီ ။
ထိုဥပမာအရ... မည်သို့လုပ်ရမည်ထက် ဘာကြောင့် လုပ်ရသည်က ပို အရေးကြီးကြောင်း သိသာပေသည် ။ ထို့ကြောင့် ကျွန်တော်တို့သည် ဘ၀၏ တွန်းကန်အားကိုယူ၍ ဘ၀ကိုတိုးတက်အောင်ပြုလုပ်ကြရမည်ဖြစ်သည်။
နမူနာ.အားဖြင့် .......
  • မိဘအတွက် ( ရှားပါတယ် ) ( အဟိ )
  • ရည်းစားအတွက် ( တော်တော်များတယ်ထင်တယ် )(:P )
  • ငါက ဆင်းရဲလို့ လူရာမသွင်းကြဘူး .. ငါကြိုးစားရမယ် .........အစရှိသဖြင့် ...ပေါ့.......


လေးစားမှုရှိပါ


funnny1.gif
အကယ်၍သင်သည်အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့လျှင် သတိထားရမည့် အချက်တစ်ခုမှာ မိမိအလုပ်အပေါ်လေးစားမှုလျော့ကျလာခြင်းကို ဆင်ခြင်ရန်ဖြစ်သည်။ လူတို့  ၏သဘောမှာ မလုပ်တတ်သေးခင်သာ အားသွန်ခွန်စိုက်ရှိပြီး လုပ်ငန်း၌ကျွမ်းကျင်လာသောအခါ ပေါ့လျော့လာတတ်၍ မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပေါ်ကာ
ဆက်လက်တိုးတက်ရန်အတွက် အနှောက်အယှက်ဖြစ်လာမည်ဖြစ်သည် ။ထို့ကြောင့် ပြောချင်ပါသည် မည်သည့်လုပ်ငန်းကိုမဆို ကျွမ်းကျင်သည်ဟူ၍ မပေါ့ဆပါနှင့် ။ လက်ဆောင်စကားတစ်ခွန်းပါချင်၏
" သတိိ နှင့် ပိုက်ဆသည် ပိုသည်ဟူ၍မရှိ "


ဝဋ္ဋ်ဆိုတာလည်တတ်တယ်

08OEkXW79.gif
သူတစ်ပါးအပေါ်မကောင်းမကြံပါနှင့်  ၀ဋ္ဋ်ဆိုတာလည်တတ်တယ်တဲ့ ...
အဲဒီစကားက မှန်ချင်လည်းမှန်မယ် ....မမှန်ချင်လည်းမမှန်ဘူး .. ဒါပေမယ့် သေချာတာတစ်ခုက
ကိုယ်ကိုယ်တိုင်က မကောင်းတာလုပ်ထားခဲ့ ရင် သူတပါးအပေါ် အကောင်းမြင်ချင်တဲ့ စိတ်နဲ့ ယုံကြည်စိတ် တွေအပြင် ငါ့ အပေါ်သူတို့ရိုးသားပါ့  မလားဆိုတဲ့ သံသယကြီးနဲ့ ငါ့အလှည့်က ဘယ်တော့ပြန်ရောက်မလဲဆိုတဲ့စိတ်တွေကြောင့် အလုပ်ကိုထဲမှာပျော်နိုင်တော့မှာမဟုတ်တာသေချာပါတယ် ။ အဲဒီတော့ သူငယ်ချင်းတို့လည်း သူများကို မကောင်းကြံတာမျိုးကို ရှောင်ကျဉ်နိင်ကြပြီး အမြဲ ပျော်ရွှင်နိင်ပါစေ ။+(


ဟန်မဆောင်ပါနှင့်

0bkkKnPNL.gif 

ဟန်ဆောင်ရသည်မှာ စစချင်းအလွန်လွယ်ကူသော်လည်း ။ ပေါ်ပေါက်သွားပါက အလွန်ရှက်စရာကောင်းလှသည်။ ဟန်ဆောင်မှုများသည် တစ်ချိန်မဟုတ်တစ်ချိန် ပြန်လည်ပေါ်ပေါက်သွားမည်သာဖြစ်သည်။
ဟန်ဆောင်မှုပေါ်ပေါက်သွားလျှင် လူလိမ် လူညာအဖြစ် တိုးတိုးတစ်မျိုးကွယ်ရာတစ်မျိုး အပြောခံရမည်ဖြစ်ကာ
မိမိကိုယ်တိုင်လည်း မသွားရဲမလာရဲဖြင့် တိုးတက်လမ်းများပိတ်ဆို့ သွားမည်ဖြစ်သည် ။

(သူငယ်ချင်းများ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပြီး အောင်မြင်ပျော်ရွှုင်သောဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ )
                                                                                                  ခင်မင်စွာဖြင့် ( နိင် )
                                                                                            naingminkyaw@gmail.com

ထမင်းဂျိုးဟင်းဂျိုး (အခန်း ၂)


အခန်း ( ၂ )


တစ်ခါတစ်ရံ စနစ်ကျတဲ့ လွဲချော်မှုတွေ ရှိနိင်သလို
လုပ်ကြံထားတဲ့ တိုက်ဆိုင်မှုတွေလည်းရှိနေပါတယ် ...
အမှတ်တမဲ့ မဟုတ်တဲ့ တိုက်ဆိုင်မှုတစ်ခုကို
ငါ့  ဦးနှောက်ရဲ့ ဘယ်ဘက်တစ်ခြမ်းနဲ့ လုပ်ကြံဖို့ ချောင်းနေလေရဲ့ .....................



…………………………………………………………

ပြောင်းလာသောအိမ် မှာ ကောင်မလေးတစ်ယောက်ပါလာသည် ။
တိတိကျကျ ဆိုရပါလျှင် ကျွန်တော်နှင့်ရွယ်တူဖြစ်သော ကရင်မလေးတစ်ယောက်ဖြစ်လေသည် ။
အသားဝင်းဝင်း ၊ဆံပင်ကုတ်ဝဲလေးနှင့် အမြဲတမ်းသနပ်ခါးလိမ်းလေ့ရှိသော သူသည် နဂိုညိုသည်ကို နေလောင်သော အသားအရည်
အမြဲ ဖုန်လူးနေသော မဲတဲတဲ ကျွန်တော်နှင့် ကတော့ ဆန့်ကျင်ဖက်ဖြစ်လေသည် ။
ကျွန်တော် သူနဲ့ သူငယ်ချင်းဖြစ်ချင်လိုက်တာ
ဘယ်လိုလုပ်ရပါ့ ............

ကျွန်တော် ယခု သုံးတန်းစာမေးပွဲပြီးသည် အထိ ...
မှတ်ဥာဏ်ကို အဓိက အသုံးပြုခဲ့ ပါသည် ။
စဉ်းစားဥာဏ်ကိုလည်း ဆရာမခိုင်းသော သချာင်္ပုဒ်စာတစ်ပုဒ်ကို အဖြေထုတ်ရာမှလွဲပြီး တစ်ခြားဘယ်နေရာတွင်မှ အသုံးမပြုပေ ။

ကျွန်တော်သည် ဒုတိယတန်းစာမေးပွဲအောင်သည်အထိအတန်းထဲတွင် အမြဲ ပထမ ရသည် ။ ဥာဏ်ရည်မမှီဘူးဟူ၍လည်းပြောမရ ။ ခိုင်းလျှင် ခိုင်းသည့် အတိုင်းလုပ်နိင်သည် ။ ပိုမလုပ်တတ်သော ကောင်လေးတစ်ယောက်ဖြစ်သည် ။
..................................................................................

ကျွန်တော်သည် တိရစ္ဆာန်တစ်မျိုးမဟုတ်ပါ
ထို့ ကြောင့် လူတစ်မျိုးဖြစ်သည်ဟုဆိုလိုချင်ပါသည် ။
ကောင်လေးတစ်မျိုး ဖြစ်သည်ဟုဆိုလျှင်ပို ၍မှန်ကန်ပါလိမ့်မည် ....

........................................................................................

ထားရာနေ ... စေရာသွား
ဘယ်အရာကိုမှ မစဉ်းစား
လူကြီးခိုင်းတဲ့ အတိုင်းလုပ်တတ်သော ကျွန်တော် ၊
ဘဝတွင် ပထမဦးစွာ ဦးနှောက်ကို အသုံးပြုလေတော့သည်.........


ဘာမှကြီးကျယ်သော ကိစ္ခမဟုတ်သော်လည်း ကျွန်တော့်အတွက် လုပ်နေကျ သဘာဝကို ပထမဆုံး တိုက်ရိုက်ဆန့်ကျင်လိုက်ခြင်းကြောင့် စိတ်ထဲတွင် တစ်မျိုး တော့ ဖြစ်နေလေသည် ။
အိမ်၌ဖွင့်ထားသော မုန့်ဆိုင်လေးသည် ။ သူမအားပထမဦးစွာ ပတ်သက်ခွင့် ရမည့် နေရာဖြစ်ကြောင်း ....စဉ်းစားမိသည်နှင့် ကျွန်တော်သည် အဘွားအား ပြေးကပ်တော့သည် ။

ဘွားဘွား ... သားကူရောင်းပေးမယ်လေ ....
ဒီလိုပြောလို့ မဖြစ် .........
အခါတိုင်းက လုပ်နေကျမှမဟုတ်တာ ...

ဒီတော့ ပထမဦးစွာ အဘွားကို မျက်ခြေမပြတ် စောင့်ကြည့်ရတော့သည်။
နေ့ခင်းဘက်ရောက်တော့ အဘွားက ဆိုင်မှာ ဝမ်းလျှားထိုးအိပ်လေတော့
............................................................................................

ဘွားဘွား ......
ဘာလဲ ........???

ဘွားဘွားညောင်းနေလား ......
သားနင်းပေးရမလား ...
.......................................................................................


မပြောစဖူးပြောသောကြောင့် အဘွားက ဘုကြည့် ကြည့်လေသည် ။


ဤသို့ဖြင့် နွေရာသီ သုံးလ စလုံး အဘွားမုန့်ဆိုင်တွင် ဣနြေ္ဒတစ်မတ်သားလောက်ဖြင့် အထိုင်ကျနေလေတော့သည် ။( ကလေးဖြစ်သောကြောင့် တစ်ခွဲသားတော့ ဘယ်လိုနည်းနဲ့မှ မရှိနိင်ပါ )

မျှော်သာ မျှော်ရသည် ပေါ်မလာပါ
သူမသည် အိမ်အပြင်မထွက်ပါ
မုန့်ကို သူ့မ ၏ အမေသို့ အဒေါ်ကသာလာဝယ်လေ့ ရှိသည် ။

အဖွားနှင့်ပြောနေသောစကားများထဲမှ သူမအကြောင်းပါလာလျှင် သိနိင်ရန် နသယ်မွှေးများထောင်သည်အထိ ဂရုစိုက်နားထောင်ပါသော်လည်း
သူမ၏နာမည် ဖြစ်သော ဝါဂွမ်းဖြူ နှင့် ကျွန်တော်နှင့် မတူသောကျောင်းတွင်စတုတ္ထတန်းတက်မည့် အတန်းတူ ကျောင်းသူဖြစ်ကြောင်းသာသိရလေသည်။ကျန်သည်များမှာသူတို့လူကြီးကိစ္ခများသာဖြစ်ကြသည် ။ လူကြီးများက အတော်ရယ်ဖို့ကောင်းသည် ။ ဈေးသွားသည်လည်းမဟုတ် ကွင်းထဲတွင် ပုစွန်လုံးဖမ်းပြီးပြန်လာသည်လည်းမဟုတ်ပါပဲ တစ်ဦးနှင့်တစ်ဦး တွေ့လျှင် ဘာဂဏန်းရလည်း မေးလေ့ ရှိသည် ။ ယခုလည်း သူမအကြောင်းမပြောပါ ။ ဂဏန်းအကြောင်းသာပြောနေကြသည် ။ ပြီးတော့ ..

ကျွန်တော်တွေးမိသည်မှာ သူမသာမက သူမ၏ အမေသည်လည်းကျောင်းသူတစ်ယောက်ဖြစ်နိင်သည် ။စာရွက်တစ်ရွက် ဘောပင်တစ်ချောင်းဖြင့် သချာင်္တစ်ဘာသာတည်းကို ကြိုးစားပြီးတွက်ချက်နေသည် ကိုတွေ့ ရသည် ။ တစ်ခါတစ်ရံ အဘွားလည်းပါ၏ ။ သူတို့သည် ကျွန်တော်တို့ အတန်းထဲမှ သချာင်္ဆရာမထက် ပိုပြီးသချာင်္ပိုပြီးလည်းတွက်ကြသည်။သူတို့ကျောင်းတက်သည်ကို မမြင်မိပါ ။စာမေးပွဲရှိသည်ဟုလည်း ပြောသံမကြားရပါ ။

နားလည်ရခက်သောလူကြီးများဖြစ်ကြပေတော့သည် ။

ကျွန်တော်သည်လည်း တစ်နေ့တစ်နေ့ သူမအား မြင်တွေ့ရရန်မှာ အလုပ်တစ်လုပ်ဖြစ်လေသည် ။ သူမအပြင်သို့ငေးကြည့်လေ့ရှိသော သံဇကာပေါက်ရှေ့လမ်းမသို့တစ် နေ့ တစ်နေ့ မရေမတွက်နိုင်သော အကြိမ်ရေများဖြင့်
ခြေထောက်အားနှိပ်ဆက်ကလူပြုခြင်း ။ သူငယ်ချင်းများဖြင့်ကစားပြခြင်း / သူမအားတွေ့ခွင့် ရနိင်ရန်ကြိုးပမ်းရခြင်းဖြင့် တစ်နေ့တာတို့ကိုအသီးသီးလွန်စေခဲ့သည် ။


အရင်က
ပြတ်လာသမျှစွန်တွေ
ငါတို့အိမ်ပေါ်ရောက်ရင်ကောင်းမှာပဲလို့
တွေးပြီး စိတ်ကူးယဉ်ခဲ့တဲ့ကောင်လေး
အခုတော့ နင်နဲ့သူငယ်ချင်းဖြစ်ရဖို့ ကလွဲပြီး ငါ့
စိတ်ထဲမှာဘာမှမရှိတော့ဘူး……မိဝါ...........

..............................................................................................................................................................................
ဆက်ရန် ............
..............................................................................................................................................................................

အခန်းဆက်ဝတ္တု ............................ ရေးသားသူ - ( နိင် )
စတင်ရေးသားသည့် ရက် .....................11.11.2009 ။ WED

...........................................................................................................................................................................................

မေတ္တာရပ်ခံချက် - ကျွန်တော်၏ ၀တ္တုများ ၊ ကဗျာများ ၊ ဆောင်းပါးများသည် ။ ကိုယ်တိုင်အပင်ပန်းခံရေးသားထားသည်များဖြစ်သောကြောင့် အကယ်၍ ခံစားချက်တိုက်ဆိုင်၍ဖြစ်စေ ။ ကြိုက်နှစ်သက်၍ဖြစ်စေ ပြန်လည်ကူးယူဝေငှလိုပါက ။ မူရင်းရေးသားသူ ၏ အမည်နှင့် မိမိကူးယူဖေါ်ပြသည့် website လိပ်စာကို တွဲလျှက်ဖေါ်ပြပေးပါရန် ။ စာပေမူပိုင်ခွင့် ယူရန်ခက်ခဲသော အင်တာနက်ပေါ်တွင် ရေးသားရသော မူရင်းစာရေးသူများ ၊ ဘလော့ဂါများအားလုံးကိုယ်စား အနူးအညွှတ် မေတ္တာရပ်ခံလျှက် .......................

( nai nai )
naingminkyaw@gmail.com

ဆန္ဒ


အသည်းနှလုံးကို သဲနဲ့ဖုံးလို့
ခပ်ပြုံးပြုံးလေးပြောလိုက်တယ်
........................................
ပိရမစ်တစ်ခုတော့ပြီးပြီ .........
......................................
မင်းရဲ့ အချစ်တွေ လာပြီးမြှုတ်နှံပါတော့နော်.......... :)

အသေတစ်ခုလိုမဟုတ်ပါရပါဘူး
ရေလိုအမြဲစီးဆင်းနေစေရပါမယ် ........

ငှက်တစ်ကောင်ကိုချစ်မိတော့
လွတ်လပ်ခြင်းကိုပါ နားလည်ရမှာပေါ့
မချုပ်ချယ်ပါဘူး
မင်းအတောင်ညောင်းရင်နားတတ်တဲ့ သစ်ပင်တိုင်းပဲ
ငါဖြစ်ချင်ခဲ့တာ..........
                        ( nai )