လူသားတို့ သမိုင်းအစမှစ၍ တစ်ဖြေးဖြေးတိုးတက်လာခဲ့သော ယဉ်ကျေးမှုနှင့်အတူ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရလွယ်ကူစေရန်အတွက် စကား ၊ စာ များကို တီထွင်အသုံးပြု
ခဲ့ကြသည် ။ရေမြေရာသီဥတု ပတ်ဝန်းကျင်အနေအထား နှင့် စုဖွဲနေထိုင်မှု နှင့် ယဉ်ကျေးမှုများ အရ နိင်ငံများ ၊လူမျိုးစု များဟူ၍ နီးစပ်ရာနီးစပ်ရာ အစုအဖွဲ့  လိုက် သီးခြားဖြစ်တည်ကြရင်း အသုံးပြုသော ဘာသာစကားများလည်း ကွဲပြားခြားနားလာခဲ့ကြလေတော့သည် ။
ဘာသာစကားတို့သည် ထိုဘာသာစကားကို အသုံးပြုသောသူတို့၏ စိတ်နေသဘောထား ၊
ရှင်သန်မှု ပတ်ဝန်းကျင်ပုံစံ ၊ ယဉ်ကျေးမှု အဆင့်အတန်းတို့အား ညွှန်ပြနေကြောင်းတွေ့ ရှိရသည် ။ ထိုဘာသာစကားများထဲမှ ( ဗျည်း (၃၃) လုံးကို အခြေပြုကာပြောဆိုရသည့်
ကျွန်တော်တို့ မြန်မာနိုင်ငံသား အများစု အသုံးပြုသော မြန်မာစကားကိုလေ့လာရာတွင် သမရိုးးကျဖြစ်ခြင်း၊ သမရိုးကျ မဖြစ်ခြင်း ဟူသော ဆန့်ကျင်ဘက်ပုံစံများ ဆိုရှိုးစကားများ ၊ စကားပုံများ၊ အလင်္ကာများ၊စကားထာများ ၊ ဘန်းစကားများဟူသော ဖွဲ့တည်မှုများစွာဖြင့် စိတ်ဝင်စားဖွယ်ကောင်းလှကြောင်း
တွေ့ရှိရပေသည် ။
ရှေးမြန်မာလူမျိုးများသည် နောင်လာနောင်သားတို့ သိရှိဖွယ် ကောင်းသည့် အချက်များကို မှတ် မိလွယ်စေရန်ရည်ရွယ်ပြီး ပြောဆိုဆုံးမလိုသော စကားလုံးများကို
ကျစ်လစ်သိပ်သည်းစေရန်နှင့် မှတ်သားရလွယ်ကူစေရန်ရည်ရွယ်ပြောဆိုခဲ့ရာမှ အစပြု
၍ ဆိုရိုးစကားများ နှင့် စကားပုံများပေါ်ပေါက်လာခဲ့ပေသည် ။
ဆိုရိုးစကား ဟူသည် အစဉ်အလာပြောဆိုခဲ့ကြသော မှတ်သားဖွယ်ရာ စကားဖြစ်သည်။ ဆိုရိုးစကားသည် ဥပမာခိုင်းနှိုင်းခြင်း မဟုတ်ပဲ ပြောလိုသည့်စကားနှင့် ပြောထွက်မည့်စကားလုံးမှာ ကာရံနဘေ ညီစွာပြောဆိုခြင်း နှင့် ရှေးအစဉ်အလာက ပြောဆိုခဲ့ကြသော စကားများကို သုံးစွဲခြင်းဖြစ်သည်။ ဆိုရိုးစကားများထဲမှဥပမာအားဖြင့်
" မြင်းမှာ အုန်းခွံ ၊ ကျွန်မှာကုလား ၊ ဓားမှာမိုးကြိုး " ဟူသောစကားကို လေ့လာကြည့်ပါက
မြင်းတကာ့ မြင်းထဲတွင် အုန်းခွံရောင်ရှိသော မြင်း ၊ တပည့်လက်သားများမွေးမြူ မည်ဆိုပါက
ကုလားလူမျိုး၊ ဓားတကာ့ဓားထဲတွင် မိုးကြိုးဓား သည် အကောင်းဆုံးဖြစ်သည်ဟူ၍ မှတ်သားသိရှိနိင်သည် ။
စကားပုံ ဟူသည် လူအများ ဆင်ခြင်မှတ်သားဖွယ်ဖြစ်အောင် စံပြုပုံခိုင်းအသုံးပြုလေ့ရှိသော ထိရောက် ကျစ်လျစ်သည့် စကားရပ်ဖြစ်သည်။ စကားပုံသည် မိမိပြောလိုသော အကြောင်းအရာကို ပညာသားပါပါဖြင့် တခြားသော အရာကို ဥပမာနှိုင်းယှဉ်၍ ထိထိရောက်ရောက်ပြောဆိုခြင်းဖြစ်သည်။
ဥပမာအားဖြင့် - ဆင်စွယ်မှန်ပိုးမစား ဟူစကားပုံ သည် အရည်အချင်းစစ်မှန်ကန်သည်ဆိုပါက မည်သည့်စမ်းသပ်မှုမျိုးကို မဆို ခံနိုင်ရည်ရှိသည်ဟူ၍
ဆိုလိုခြင်းဖြစ်သည် ။ စကားပုံများတွင် ပညာပေးစကားပုံ ၊ရိုးရာစကားပုံ ၊ တိုင်းရင်းသားစကားပုံ ၊ဘန်းစကား စကားပုံ ဟူ၍ အမျိုးအစားစုံလင်စွာတွေ့ ရှိရသည်၊၊စကာားပုံများကို လေ့လာဖြင်းဖြင့် မြန်မာစကားပြောဆိုရာ ၌စကားလုံးအသုံးအနှုန်းကျစ်လစ်စွာပြောဆို ၍ရနိုင်ကြောင်းသိရှိနိုင်ပေသည် ။
တိုင်းရင်းသားရိုးရာစကားပုံများထဲမှ အင်းသားစကားပုံတစ်ခုဖြစ်သော ( အင်းလယ်ရောက်မှ
ဆန်ချေးတောင်း )ဆိုသောစကားပုံသည် အင်းလေးကန်အတွင်းနေထိုင်ကြသော အင်းသားများ၏ စရိုက်သဘာဝကို တစ်စိတ်တစ်ဒေသ ဖေါ်ထုတ်ပြသနေပေသည်။
ဘန်းစကားဆိုသည်မှာ အချူပ်အားဖြင့် ပြည်သူလူထုအများ၏ အသိဉာဏ်မှ ထုတ်လုပ်၍ မရှိသေးသောစကားသစ်အဖြစ် ဖော်ထုတ်တီထွင်သုံးစွဲကြသော ခေတ်ပေါ်စကားများဖြစ်ပေသည်။
ဘန်းစကားသည် အမြဲတစေအားဖြင့် ထင်ရာကို စွဲဆိုသုံးနှုန်းထားသည့် ပရမ်းပတာ စကားများချည်းသာ မဟုတ်ပေ။ ခေတ်ကာလတွင် အဓိပ္ပာယ်မရှိ ဆွဲစပ်ကာ၊ ရှိပြီးစကားလုံးကို ပယ်ရှား၍ သုံးနှုန်းအစားသွင်းသော စကားမျိုးမှာလည်းကြာရှည်ခံမည်မဟုတ်ပေ။ အများအားဖြင့် နှုတ်တွင်လာခဲ့သော ဘန်းစကားများသည် နှုတ်မှတစ်ဆင့် စာပေပေါ်တွင်လည်း စွဲဝင်တွင်ကျယ်လာတတ်ပေသည်။
ဘန်းစကားတို့သည် လူပုဂ္ဂိုလ်တစ်ဦးတည်း၏ ကြံစည်တီထွင်ခြင်းမျှလည်း မဟုတ်ပေ။ လူပေါင်းများစွာတို့၏ အနည်းငယ် တင်စားသုံးနှုန်းချက်များဖြစ်၍ သေချာစွာ လေ့လာမည်ဆိုပါက စိတ်ဝင်စားဖွယ်ရာများ တွေ့ရှိနိုင်၏။
ဘန်းစကား ဟူသည် အချည်းအနှီးမဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း စကားပြောအတတ်ကိုလည်းကောင်း၊ ဥပမာ ဥပစာ သုံးစွဲပုံသဘောကိုလည်းကောင်း ဖော်ပြလျက်ရှိနေပါသည်။ ဥပမာဆိုရသော် အချင်းချင်း မသင့်မမြတ်ဖြစ်ကြပြီး ရန်ဖက်ဖြစ်ကြသည်ကို ဓမ္မာသောက ဖြစ်ကြသည်ဟု သုံးနှုန်းကြသည်။
အဓိပ္ပါယ်မှာ- ဗေဒင်ကိန်းများတွင် လူအချင်းချင်း နေ့နံအလိုက် မိတ်ဖက်ရန်ဖက် ရွေးစစ်ရာတွင် မသင့်မမြတ်သော ရန်ဖက် နေ့နံချင်းကို အလွယ်သိမှန်စေရန် "ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ၊ အိမ်ထောင်ဖက် အသက်မရှည်ရာ" ဟူသော လင်္ကာအရ မှတ်ထားခဲ့ကြလေသည်။ ဓမ္မာအရ စနေနှင့် ကြာသပတေး၊ သောကအရ သောကြာနှင့် တနလာင်္ စသည်တို့မှာ ရန်ဖက်ဖြစ်ကြသည်။ ထိုသဘောကို ယူ၍ တစ်ဦးနှင့် တစ်ဦး မသင့်မြတ်သည်ကို ထိုလင်္ကာပုဒ်ဖြင့် ဓမ္မာသောကဖြစ်သည်ဟု သုံးနှုန်းကြသည်။
မြန်မာတို့ သုံးနှုန်းပြောဆိုနေကြသော စကားများတွင် တိမ်မြုပ်၊ တိမ်ကောလာခဲ့သော ရှေးသုံး ပေါရဏ စကားများပါရှိသကဲ့သို့ အသစ်အသစ် တိုးဝင်နေသော ခေတ်ပေါ်စကားများကလည်း တစ်ပိုင်း တစ်ကဏ္ဍ ဖြစ်တည်နေခဲ့ပေသည်။ အသစ် ၀င်လာသော စကားများပင် ဖြစ်လေသည်။ ထိုသို့ အသစ်ဝင်လာသော စကားများအနက် အကြောင့်သင့်ရာ ခေါ်တွင်သော ဘန်းစကားများလည်း ပါဝင်လာခဲ့လေသည်။ ဘန်းစကားဆိုသော်လည်း ဘန်းစကားအမျိုးမျိုးရှိသည်။ ဘန်းစကားများတွင် -
စကားဝှက် ဘန်းစကား ။ ဇာတ်သဘင်တို့တွင် အခြားလူများ မသိစေရန် အချင်းချင်းသာ သိစေသော အမှတ်အသား၊ စကားဝှက်တို့ဖြင့် ပြောဆိုကြရာမှ အခြားသူများကပါ သုံးနှုန်းပြောဆိုလာခဲ့သော ဘန်းစကားမျိုးလည်း ရှိပေသည်။
ပုံစံအားဖြင့် -----
- (ငွေ) → ရေ
- (ထမင်း) → ပုန်း
- (လက်ဖက်ရည်) → ဒေါင်
စသည်ဖြစ်လေသည်။ ထိုစကားလုံးတွင်အဘယ်ကြောင့် ဤသို့စွဲခေါ်သည်ကို သိရှိနိုင်သည်လည်းရှိ၍အသိခက်သည်လည်းရှိလေသည်။
အဆွယ် ဘန်းစကား ။ ။ စကားလုံးသစ်များ တီထွင်၍ သုံးစွဲကြရာတွင် တစ်စုံတစ်ရာကို ဆွဲယူ၍ သုံးနှုန်းခြင်း၊ ပုံဆောင်၍ သုံးနှုန်းခြင်းဖြင့်လည်း ဘန်းစကားများ ပေါ်လာရလေသည်။
ပုံစံအားဖြင့် -
ဝေလာဝေး
- (လုံးဝကင်းစင်သည်)
- (ကင်းမဲ့ ခေါင်းပါးသည်)
ခတ်ကွင်းပြင်
- (ကြိုတင်ပြင်ဆင်သည်)
- (ဟန်ရေးပြသည်)
စသည်ဖြင့် သုံးစွဲရာတွင် ငွေဒင်္ဂါးများတွင် ဝိတိုရိယ ဘုရင်မခေါင်း၊ ဝေလမင်းသား(ဒက်ဒွပ်ဘုရင်)ခေါင်း၊ ဂျော့ဘုရင်ခေါင်း စသည်ဖြင့် ခတ်နှိပ်ခဲ့ရာ ငွေကြေးသုံးစွဲခဲ့လေသည်။ ထိုမှတစ်ဆင့် မျှော်လင့်ချက် လုံးဝကင်းရှင်းကြောင်းကို တင်စား၍ "သူ့ကို သနားဖို့တော့ ဝေလာဝေးရော"စသည်ဖြင့် သုံးစွဲလာလေသည်။
ထို့နည်းတူပင် ခတ်ကွင်းပြင်သည်ဆိုရာ၌ လှေ၏ခတ်တက်အတွက် ကွင်းများခိုင်ခံ့စေရန် ပြင်ဆင်ခြင်းဖြင့် ရှေ့တွင် အားသွန်ခွန်စိုက် လှော်ခတ်ရန်အတွက် အသင့်ဖြစ်စေသည်ကို အကြောင်းပြုတင်စား၍ တစ်စုံတစ်ရာအတွက် အားသစ်ပြင်ဆင်နေသည့်အခါတွင်ဖြစ်စေ တင်စားသုံးစွဲကြလေသည်။
စကားပုံ ဘန်းစကား ။ ။တင်စားပြောလိုသော ဘန်းစကားများတွင် မူရင်းစကားစပ်ငုပ်၍ နှောင်းစကားစပ်တွင် လိုရင်းအဓိပ္ပာယ်သာ သက်ဝင်လေသည်။ ပကတိအဓိပ္ပာယ်မှ လိုရာကိုသာ လွှဲယူ၍ အကြောင်းအရာသစ်ပေါ်တွင် တင်စားလိုပေသည်။ ဤနည်းဖြင့် စကားလုံးသစ် ဘန်းစကားများ ပေါ်ပေါက်လာရပေသည်။
မြန်မာစကားတွင် စကားပုံများကိုလည်း မူရင်းစကားမှ လွှဲယူ၍ အနက်သစ်၌ စပ်ကာ တင်စားသုံးစွဲလေ့ ရှိပေသေးသည်။
ပုံစံအားဖြင့် -
- ကတုံးပေါ်ထိပ်ကွက်သည်
- ကြက်ကန်း ဆန်အိုးတိုးသည်
- ဖွတ်မရ ဓားမ ဆုံးသည်
စသည်ဖြင့် သုံးစွဲလေ့ရှိပေသည်။
လည်ပတ်သူတစ်ဦးအပေါ်တွင် ပို၍လည်ပတ်အောင် အနိုင်ယူလိုက်သောအခါတွင် "ကတုံးပေါ် ထိပ်ကွက်သည်"ဟု ဆိုလေ့ရှိပေသည်။ မမျှော်လင့်ဘဲ စွမ်းဆောင်မှုရှိသူအား ပကတိ အစွမ်းရှိ၍ မဟုတ်ဘဲ ကံအားလျော်စွာ အကြောင်းတိုက်ဆိုင် အောင်မြင်ခြင်းသာဖြစ်ကြောင်းကို နှိမ့်ချလိုသောအခါ "ကြက်ကန်းဆန်အိုးတိုးသည်"ဟု တင်စားသုံးနှုန်းလေ့ရှိပေသည်။
အကျိုးကျေးဇူးသစ် တစ်စုံတစ်ရာမရဘဲ မိမိကပင် နစ်နာဆုံးရှုံးရသောအခါတွင်လည်း "ဖွတ်မရ၊ ဓားမ ဆုံးသည်"ဟူ၍ပင် တင်စားသုံးနှုန်းကြပေသည်။ ဤသို့သော တင်စား စကားသစ်များသည် ကာလအားလျော်စွာ ဆန်းသစ်ပေါ်လွင်ခါစ၌ ဘန်းစကားအဖြစ် ထင်ရှားလေသည်။ ကာလကြာမြင့်၍ အသုံးများလာသောအခါ ဘန်းစကားအဖြစ်မှ အနည်ထိုင်၍ သုံးရိုးသုံးစဉ် စကားဖြစ်လာတတ်လေသည်။
ငယ်စဉ်ကလေးဘ၀ကတည်းက သိရှိခဲ့ ဘူးသော ကစားခဲ့ဖူးသော စကားထာဝှက်ခြင်းသည်လည်း မြန်မာ့ရိုးရာစကားနည်းများထဲမှစကားလုံးများဖြင့်ကစားရသောကစားနည်းတစ်ခုဖြစ်သည်။ စကားထာ ဟူသည်တစ်ဦးနှင့်တစ်ဦးသော်လည်းကောင်း၊အုပ်စုဖွဲ့၍သော်လည်းကောင်းဉာဏ်စမ်းပဟေဋိကစားပွဲတစ်ခုအဖြစ်သည်။ စကားထာတွင် မြန်မာရိုးရာစကားထာ နှင့် တိုင်းရင်းသားရိုးရာ စကားထာ ဟူ၍လည်းရှိသည်။ ထို့ပြင် စကားထာတွင် စကားလိမ်ဟူ၍လည်း ရှိသေး၏။ စကားထာဝှက်တမ်းကစားနည်းကို ကျွန်တ်ာတို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းက ကလေးတိုင်း လိုလိုပင် ကစားခဲ့ဖူးပေလိမ့်မည်။ စကားထာသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် မေးကြ၊ ဖြေကြ သော ပျော်စရာကောင်းသည့် ကစားနည်းဟုသတ်မှတ်မည်ဆိုပါက မှားမည်မဟုတ်ပေ။ စကားထာဖွဲ့ရာတွင် တောတောင်သဘာဝများ၊ သစ်ပင်ပန်းပင်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကျေးငှက်တိရစ္ဆာန်များ၊ လူကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ ချစ်မူရေးရာများ စသည့်အကြောင်းအရာများကို စကားထာအဖြစ်ဖွဲ့လေ့ရှိသည်။ ဥပမာအဖြစ် တင်ပြလိုက်ပါသည်။
မြန်မာ့ရိုးရာစကားထာ -
မေး ။ ။ နွားမတစ်ရာ ရေဆင်းလာ ခြေရာလဲပျောက် ရေလဲနောက်။
ဖြေ ။ ။ ဆန်ဆေးသည်
တိုင်းရင်းသားရိုးရာ စကားထာ -
(မွန်)
မေး။ ။ အပင်က ဓား၊ အကိုင်းက ကြိုး၊ အသီးက သံ၊
ဖြေ။ ။ ငါးမျှားတံ
စကားလိမ် -
မေး။ ။ ဆင်းရဲလျှင် ဆွေးမျိုးကုန်
ဖြေ။ ။ ချမ်းသာလျှင် ဆွေးမျိုးအုံ
စကားပြောဆိုသုံးနှုန်းရာတွင်လည်းမူလစကားကိုပိုမိုနားထောင်ကောင်းစေရန်အတွက်သော်လည်ကောင်း ပြောဆိုသုံးနှုန်းရလွယ်ကူစေရန်သော်လည်ကောင်း၊ သံတူထပ်ဆင့်စကားလုံးများကို တီထွင်သုံးစွဲခဲ့ကြသည်။ဥပမာအားဖြင့် .. ( ကသည် ) ကို အကအခုန်၊ (ကာကွယ်သည်) အကာအကွယ် ဟူ၍ပြောင်းလည်းသုံးစွဲခြင်းဖြင့် မူလစကားလုံး( ကသည် ) ( ကိရိယာ)မှ(ကာကွယ်သည်) ( နမ်) အဖြစ်သို့ ပြောင်းလဲသုံးစွဲခဲ့ကြသည် ။အခြားသော ထူးခြားသော အသုံးအနှုန်းများကိုလည်း ပြေးပြေးလွှားလွှား သွားသွားလာလာ ၊ရရစားစား၊လူးလူးလှိမ့်လှိမ့်၊ ......... အစရှိသည်ဖြင့် ဖြစ်သည်။
မြန်မာစကားသည် သုံးစွဲရန် ဝေါဟရများစုံလင်လှသကဲ့သို့ ပြောဆိုရန် ပြောဆိုနည်းများလည်းများပြားလှသည်။
များပြားလှသည်များထဲမှ အဓိက စကားကားပြောနည်းကြီး ဆယ်မျိုးမှာ ထင်ရှားလှသည် ။
(၁) ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့
""မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။""
(၂) ကောက်ပင်ရိတ်လှီးစကား- ကောက်ပင်ကို လက်တစ်ဘက်ဖြင့် မြဲမြံစွာဆုပ်၍
တံစဉ်ဖြင့်အရင်းကရိတ်ဖြတ်လျှင်လက်တွင်ရှိသမျှစပါးကိုရသကဲ့သို့ ""သူဆိုသောစကား
မိအောင်ဖမ်းကိုင်ပြီးမှ ပြတ်စဲအောင်ပြောဆိုခြင်း။""
(၃) ရေစီးဖေါင်ဆန်စကား- လိုအင်ဆန်္ဒ ရှိသမျှသောအရာဝတ်္ထုတို့ကို ဖေါင်တွင်တင်၍
ဖြည်းညှင်းစွာဆန်တက် သွားလျှင် လိုအင်ကိစ်္စပြီးသကဲ့သို့ ""ခြေသိမ်း ခေါင်းပိုက် ပမာ ပမည်း
ဟပ်စပ်၍ ပြီးပြတ်အောင်ပြောဆိုခြင်း။""
(၄) အိုးတန်ဆန်ခတ်စကား- အိုးနှင့်ဆန် တန်ရုံထည့်၍ချက်လျှင် ကောင်းစွာကျက်နပ်သကဲ့သို့
""ကိုယ်နှင့်ဂုဏ်အင်တန်ရုံ မယုတ်မလွန်ပြောဆိုခြင်း။""
(၅) ဆီပွတ်ကျည်ပွေ့စကား- ကျည်ပွေ့ဖြင့် အကြိမ်ကြိမ်အထပ်ထပ်ဆီပွတ်လျှင် ဆီထွက်၍
မိမိလိုဘတ်ကိစ်္စပြီးသကဲ့သို့ ""လိုရာကိစ်္စပြီးစေခြင်းငှာ ထိုစကားကိုပင်အထပ်ထပ်ပြောဆိုခြင်း။""
(၆) ဆင်ဝှေ့ရန်ရှောင်စကား- ဆင်ထိုးဝှေ့မည်လိုက်လျှင် တိမ်းရှောင်ဖယ်သွေလွတ်ရာ၌
ပြေးလွှဲကာနေရသကဲ့သို့""ကိုယ့်ထံသို့ရောက်မည့်စကားကို ရှောင်လွှဲ၍ပြောဆိုခြင်း။""
(၇) တောင်သူယာခုတ်စကား- တောင်သူလယ်သမားတို့သည် မိမိတို့တည်ခုတ်မည့် လယ်ယာ
မြေကွက်၌ရှေးဦးစွာခြုံပိတ်ပေါင်းနွယ် သစ်ပင်ငယ်တို့ကို ခုတ်ထွင်ရှင်းလင်းပြီးမှသာ သစ်ပင်ကြီး
တို့ကို ခုတ်ထွင်ဖိလှဲသကဲ့သို့ ""စကားငယ်ကိုပြောဆိုပြီးမှ စကားကြီးကိုဖိစီး၍ပြောဆိုခြင်း။""
(၈) ကြက်ဆုတ် ခွပ်ပစ်စကား- ကြက်ခွပ်ရာ၌ နောက်ဆုတ်ဟန်ပြု၍ခွပ်မှသာ ခွပ်ပစ်သကဲ့သို့
""သူ့စကားအလိုသို့ လိုက်တန်ကလိုက်၍ စီးသာမှစီးလျက် ပြီးပြတ်အောင်ပြောဆိုခြင်း။""
(၉) ရေစစ်ပမာစကား- ဓမ္မကရိုဏ်ခေါ် ရေစစ်ကိုရေတွင်နှစ်ကာ ပြည့်မှအပေါက်ကို ပိတ်၍ဆွဲယူ
လိုက်လျှင် ရေမထွက်နိုင်သကဲ့သို့ ""သူတစ်ပါးပြောဆိုခွင့်မရအောင် ပိတ်ဆို့၍ပြောဆိုခြင်း။""
(၁၀) ခက်တင် မောင်းနင်းစကား- မောင်းနင်းသောသူသည် တစ်ဘက်လိုက်ပါတိမ်းစောင်းလွန်း
လျှင် အတင်ခက်၍ မတိမ်းမစောင်းနင်းရသကဲ့သို့ ""ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မတင်မကျ
ပြောဆိုခြင်း။"" စကားစကားပြောပါများ စကားထဲက ဇာတိပြဆိုသလို မိမိပြောဆိုသောစကားသည် မိမိ၏ အကျင့်စရိုက် ကို မီးမောင်းထိုးပြနေသလိုဖြစ်သောကြောင့် စကားပြောတတ်ရန်မှာလည်း အရေးကြီးလှပေသည် ။ကြမ်းကျွံရင် နှုတ်ရသည် စကားကျွံရင် နှုတ်မရ ဆိုသောစကားအတိုင်း စကားမမှားစေရန်နှင့် ပြောတတ်ဆိုတတ်စေရန်မှာ အမှန်တကယ်လိုအပ်လှပေသည်။
ထိုကဲသို့ သောအမျိုးမျိုး အဖုံဖုံ စုံလင်လှသသော ပုံစံများဖြင့် မြန်မာလူမျိုးတို့ ၏ မြန်မာစကားမှာ ချစ်စရာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ယဉ်ကျေးမှုအဆင့်အတန်းတစ်ခုတွင်တည်ရှိနေသော မြန်မာတို့ ၏မြန်မာစကားကို ပိုမို တိုးတက်ပြန့်ပွားစေရန်နှင့် မတိမ်ကောမပပျောက်စေရန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်လေတော့သည် ။
.......................................................................................
ဖတ်ဖူးသမျှ စာလေးတွေကို ပြန်လည်သုံးသပ်လို့ ရေးသားထားလိုက်တာပါ။အစစအရာရာ အဆင်ပြေကြပါစေ .....
-ဆရာလှသမိန်
-မြန်မာစာ မြန်မာစကား ( ဇောင်း)
နဲ့ တစ်သက်တာ ဗဟုသုတပေးခဲ့ကြတဲ့ စာအုပ်ပေါင်းများစွာရဲ့ စာရေးသားသူများကို ကျေးဇူးတင်လျှက် ( နိင် )
No comments:
Post a Comment